A

Paper Lantern

 

မြန်မာ့ရိုးရာမီးပုံးအလှနဲ့ မီးပုံးဒီဇိုင်းပြိုင်ပွဲ ၂၀၁၅

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများဟာ သီတင်းကျွတ်နှင့်တန်ဆောင်မုန်းလ အခါသမယများမှာမြတ်ဗုဒ္ဓကို ဆီမီးပူ ဇော်၍ မီးထွန်းပွဲတော်များကျင်းပလေ့ရှိကြပါတယ်။ မီးထွန်းပွဲတော်နှင့်အတူ ရှုမငြီးဖွယ်တွေ့မြင်လာရတာကတော့ ချစ်စဖွယ်ရောင်စုံစက္ကူမီးပုံးကလေးတွေပဲ ဖြစ်ပါတယ်။ မီးပုံးလေးတွေကို မိမိတို့နေအိမ်၊ အဆောက်အဦးး၊ လမ်းနှင့် ဘုရားကျောင်းကန်များတွင် ချိတ်ဆွဲထွန်းညှိပြီး အလှဆင်ကြသလို လမ်းမပေါ်ကို ကြည့်လိုက်မယ်ဆိုလျှင်လည်း ဖယောင်းတိုင်မီးရောင်မှိတ်တုတ်မှိတ်တုတ်၊ အသံတဂျောက်ဂျောက်နဲ့ အရုပ်ပုံတွန်းလှည်းမီးပုံးလေးများကို တွန်းရင်း ပျော်ရွှင်စွာဆော့ကစားနေတဲ့ ကလေးငယ်များ ကို တွေ့ရမှာဖြစ်ပါတယ်။

ဒီလိုရိုးရာမီးပုံးလေးတွေနေရာမှာ နိုင်ငံခြားဖြစ်ပလပ်စတစ်မီးပုံးများ အစားထိုးဝင်ရောက်လာပါပြီ။ ဒီလိုအစားထိုး ၀င်ရောက်လာမှုကြောင့် မြန်မာ့ရိုးရာ လက်မှုအနုပညာများဟာ တစ်စတစ်စနဲ့ မှေးမှိန်လို့ ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ။

 

မြန်မာ့ရိုးရာမီးပုံးအလှနဲ့ မီးပုံးဒီဇိုင်းပြိုင်ပွဲ ၂၀၁၅ကို ဘာ့ကြောင့်ကျင်းပရသလဲ။

မြန်မာ့ရိုးရာလက်မှုအနုပညာကို ပြန်လည်ဖေါ်ထုတ်ထိန်းသိမ်းရင်း မြန်မာ့ရေမြေ သဘာဝကပေးတဲ့ ၀ါးလေး များနှင့် မြန်မာ့လက်မှုပညာတို့ပေါင်းစပ်ဖန်တီးထားတဲ့ ၀ါးစက္ကူမီးပုံးကလေးများကို ကမ္ဘာကသိအောင် မိတ်ဆက်ပေး သည့်အနေဖြင့် မြန်မာအင်တာနေရှင်နယ်ရုပ်သံ (MITV) မှ မြန်မာ့ရိုးရာမီးပုံးအလှနဲ့ မီးပုံးဒီဇိုင်းပြိုင်ပွဲ ၂၀၁၅ကို လာမည့်နိုဝင်ဘာလ(၂၅)ရက်နှင့် (၂၆)ရက်နေ့မှာ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင်ဝန်းမှာ ဒုတိယအကြိမ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ပထမအကြိမ် မြန်မာ့ရိုးရာမီးပုံးအလှနဲ့ မီးပုံးဒီဇိုင်းပြိုင်ပွဲ ၂၀၁၄ ကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။

မြန်မာ့ရိုးရာမီးပုံးပွဲတော် ၂၀၁၅ ကို အဖိတ်နေ့နှင့် တန်ဆေင်မုန်းလပြည့်နေ့များတွင် ရန်ကုန်တိုင်း တာမွေမြို့နယ် Sky Star Hotel အနီးရှိ ရွှေထွဋ်တင်ဝင်းတွင် ညနေ(၄း၀၀)နာရီမှ စတင်ကျင်းပမည်ဖြစ်ပါသည်။ ပွဲတော် ပထမနေ့တွင် လူကြီးများ၏ မီးပုံးဒီဇိုင်းပြိုင်ပွဲ၊ ဒုတိယနေ့တွင် ကလေးများ၏ မီးပုံးဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကံစမ်းမဲအစီအစဉ်များ၊ ဖျော်ဖြေတင်ဆက်မှုများ၊ ရိုးရာကစားပွဲများ၊ မြန်မာ့ရိုးရာ မုန့်ဈေးတန်းများဖြင့် အောက်ပါအစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ပါသည်။

 

 ပွဲတော်ရဲ့ဦးတည်ချက်များ

မျိုးဆက်သစ် လူငယ်များ မြန်မာ့ရိုးရာလက်မှုပညာရပ်တစ်ခုကို ထိတွေ့ခံစားနိုင်စေရန်နှင့် တန်ဖိုးထားထိန်းသိမ်းတတ်စေရန်၊ မီးပုံးဒီဇိုင်းပြိုင်ပွဲမှတစ်ဆင့် ပညာရှင်များအား ပြန်လည်ဖော်ထုတ်၍ ရရှိသောအကျိုးအမြတ်များကို လူမှုအကျိုးပြုလုပ်ငန်းများတွင် ပါဝင်လှူဒါန်းနိုင်စေရန်အတွက် မွန်မြတ်သော ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပါသည်။

ပွဲတော်တွင် ပညာရှင်အဆင့်မီးပုံးဒီဇိုင်းပြိုင်ပွဲနှင့် မူလတန်းအဆင့်ကလေးငယ်များ၏ မီးပုံးဆေးခြယ်ပြိုင်ပွဲများ ပါဝင်မှာဖြစ်ပါတယ်။ လက်ရာအကောင်းဆုံးပြိုင်ပွဲဝင်များကို ပထမ၊ ဒုတိယ၊ တတိယ ဆုများအပြင် ပရိတ်သတ် အနှစ်သက်ဆုံး မီးပုံးဒီဇိုင်းဆုနှင့် နှစ်သိမ့်ဆုများကိုလည်း ထိုက်ထိုက်တန်တန်  ချီးမြှင့်ဂုဏ်ပြု သွားမှာ ဖြစ်ပါတယ်။

ဒီနှစ်ပွဲတော်ရဲ့ အထူးအစီအစဉ်ကတော့ သင့်ငယ်ဘ၀ရဲ့ပျော်ရွှင်စရာများကို ပြန်လည်အမှတ်ရစေမည့် မီးပုံးဥယျာဉ်ကို ဖန်တီးတည်ဆောက်ပေးထားမှာဖြစ်ပါတယ်။ ဥယျာဉ်ထဲတွင် ယနေ့မျက်မှောက်ခေတ်တွင် မြင်တွေ့ ရန်မလွယ်ကူသော ရိုးရာမီးပုံးအမျိုးမျိုးကို ခင်းကျင်းပြသ ထားမှာဖြစ်ပြီး၊ ရိုးရာမီးပုံးပြုလုပ်ပုံ အဆင့်ဆင့်သရုပ်ပြသခြင်း များကိုလည်း တွေ့မြင်ခံစားနိုင်မှာဖြစ်ပါတယ်။

 

ဖျော်ဖြေတင်ဆက်မှု

နာမည်ကျော်တေးသံရှင်များ၏သီဆိုဖျော်ဖြေမှုများ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အကအလှများနှင့် ကလေးငယ်များ၏ ချစ်စဖွယ်တေးသရုပ်ဖေါ်အကများကို စင်မြင့်ထက်တွင်ခံစားရမှာဖြစ်ပြီး၊ မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲ၊ ရှမ်းအိုးစည်၊ မြန်မာ့ဒိုးပတ်များဖြင့် တွဲဖက်ကပြမည့် ရိုးရာကျွဲအကတို့ကို ပွဲခင်းအတွင်းတွင် ရှုစားနိုင်မှာဖြစ်ပါတယ်။

 

ပျော်ပွဲရွင်ပွဲများ

ကစားကွင်းအတွင်းတွင် ချား၊ရဟတ်များစီးပြီး ရိုးရာကစားနည်းများကို ပျော်ရွှင်စွာ ကစားနိုင်သလို မုန့်ဈေးတန်းတွင်လည်း မိမိတို့ကြိုက်နှစ်သက်ရာ မြန်မာ့ရိုးရာမုန့်မျိုးစုံကို ၀ယ်ယူသုံးဆောင်နိုင်ပါတယ်။

သားသားမီးမီးတို့အတွက် စက္ကူမီးပုံးကလေးများကို ကိုယ်တိုင်စိတ်ကြိုက်ဆေးခြယ်နိုင်အောင် စီစဉ်ပေးထား မှာဖြစ်ပြီး အိမ်ပြန်လက်ဆောင် အဖြစ်ရယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အသင့်ပြုလုပ်ပြီး ရောင်စုံစက္ကူမီးပုံး ကလေးများကိုလည်း စိတ်တိုင်းကျဝယ်ယူ အားပေးနိုင်ပါတယ်။

ပွဲခင်းထဲမှာမဖြစ်မနေလည်ပတ်သင့်တဲ့နေရာတစ်ခုကတော့ မီးကြာခွက်ရေမျှောတဲ့ မီးမျှောကန် နေရာပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ကိုရည်မှန်းပြီး ဖယောင်းတိုင် ထွန်းညှိထားတဲ့ ရောင်စုံမီးကြာခွက်ကလေးများကို မီးမျှောကန်ထဲတွင် မျှောကာ မိမိတို့လိုရာဆုတောင်းရင်း မီးပူဇော်နိုင်ပါတယ်။

ဒါ့အပြင် မိမိတို့အနှစ်သက်ဆုံးစက္ကူမီးပုံးကို မဲပေးကံစမ်းခြင်းဖြင့်လည်း ကံစမ်းမဲဆုကြီးကို ဆွတ်ခူးရယူ နိုင်မှာဖြစ်သလို MITV ရဲ့ဥာဏ်စမ်းပဟေဠိအစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့်လည်း လက်ဆောင် ပစ္စည်းများကို ရယူပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

 

ဧည့်ခံကျွေးမွေးခြင်း

ပွဲတော်လာပရိသတ်များကို MITV မှတန်ဆောင်မုန်းလ၏ဆေးပေါင်းခသော မယ်ဇလီဖူးသုပ်ဖြင့် ကျွေးမွေး ဧည့်ခံမှာဖြစ်ပါတယ်။

 

ထိန်းသိမ်းရိုးရာ တို့မြန်မာ ပါဝင်ဆင်နွှဲ MITV မီးပုံးပွဲ

ပွဲတော်အစီအစဉ်

၂၅-၁၁-၂၀၁၅ (ဗုဒ္ဓဟူးနေ့)

- မီးပုံးပွဲတော်နှင့် ပြိုင်ပွဲဖွင့်ခြင်းအစီအစဉ်

- မြန်မာ့ ရိုးရာ မီးပုံးဒီဇိုင်းပညာရှင်များ၏ မီးပုံးဒီဇိုင်းပြိုင်ပွဲ

- ပြိုင်ပွဲဝင်များ၏လက်ရာများကို မီးပုံးဥယျာဉ်တွင် ခင်းကျင်းပြသခြင်းနှင့် ၄င်းတို့အနက်မှ   ပရိတ်သတ်အနှစ်သက်ဆုံး မီးပုံးဒီဇိုင်းဆု အတွက် မိမိတို့အကြိုက် မီးပုံးဒီဇိုင်းကို မဲပေးခြင်းအစီအစဉ်

- ကလေးငယ်များ၏ မီးပုံးဆေးခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအစီအစဉ်

 

၂၆-၁၁-၂၀၁၅ (ကြာသပတေးနေ့)

- ကလေးများ၏ မီးပုံးဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအစီအစဉ်

- ပညာရှင်အဆင့်မီးပုံးဒီဇိုင်းပြိုင်ပွဲမှ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအစီအစဉ်

 

ပွဲတော်ရက် ၂ရက်လုံးတွင်

- မြန်မာ့ရိုးရာအကအလှများနှင့် နာမည်ကျော်အဆိုရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ

- မြန်မာ့ ရိုးရာ အစားအစာများ နှင့် ပွဲဈေးတန်း

- ချားရဟတ်၊ ခေါင်းအုံးရိုက်ပြိုင်ပွဲနှင့် အခြားပျော်ပွဲရွှင်ပွဲကစားနည်းအစီအစဉ်များ

- မိမိတို့ စိတ်ကြိုက် မီးပုံးဒီဇိုင်းများအား ကိုယ်တိုင်ဖန်တီးခြင်းအစီအစဉ်

- စက္ကူမီးပုံးပြုလုပ်ပုံအဆင့်ဆင့်အား အကြမ်းထည်မှ အချောထည်အထိ ဖန်တီးပြသမည့်အစီအစဉ်

- မီးပုံးဥယျာဉ်တွင် အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခြင်း

- မီးကြာခွက်လေးများအား ရေမျှောခြင်းအစီအစဉ်

- ပျော်ရွင်စရာ lucky draw နှင့် game အစီအစဉ်များ